
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြင်သစ်ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ (French Development Agency – AFD) နှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်း ဆောင်ရွက်မည့် “အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) နှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ (မန္တလေး) တို့အား General Rehabilitation ပြုလုပ်ခြင်းနှင့် လက်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ ရန်ကုန်မြို့ အား အထွေထွေကြံ့ခိုင်မှုမြှင့်တင်ခြင်း စီမံကိန်း (National Health Laboratory Project)” စတင်ခြင်းအခမ်းအနား (AFD-NHL Project Launching event)
ရန်ကုန် (၂၇-၉-၂၀၁၉)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (French Development Agency – AFD) နှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်းဆောင်ရွက်မည့် “အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်) နှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ (မန္တလေး) တို့အား General Rehabilitation ပြုလုပ်ခြင်းနှင့် လက်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန၊ ရန်ကုန်မြို့ အား အထွေထွေကြံ့ခိုင်မှုမြှင့်တင်ခြင်း စီမံကိန်း (National Health Laboratory Project)” စတင်ခြင်းအခမ်းအနား (AFD-NHL Project Launching event) အား (၂၇-၉-၂၀၁၉) ရက်နေ့တွင် ရန်ကုန်မြို့ Park Royal Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်သူ့လွှတ်တော်ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌဒေါက်တာစံရွှေဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် (၁) ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး H.E. Mr. Christian Lechervy ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်ရုံး သံအမတ်ကြီး H.E. Mr. Kristian Schmidt ၊ ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ တာဝန်ရှိသူ များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ French Development Agency ၊ Fondation Mérieux နှင့် Institut pastuer မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ နှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် အခမ်းအနားသဘာပတိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား အမြဲတမ်းအတွင်းဝန် (၁) ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H.E. Mr. Christian Lechervy နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်ရုံး သံအမတ်ကြီး H.E. Mr. Kristian Schmidt တို့ မှလည်း အသီးသီး အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။
ဆက်လက်၍ ပါမောက္ခ ဒေါက်တာဌေးဌေးတင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ) မှ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၏ နောက်ခံသမိုင်းကြောင်းနှင့် ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများ၊ လက်ရှိစီမံကိန်းအကြောင်း နှင့် စီမံကိန်းပြီးစီးပါက ရရှိလာမည့် အကျိုးကျေးဇူးများ အား ရှင်းလင်းတင်ပြခဲ့ပြီး မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်ကြသော French Development Agency ၊ Fondation Mérieux နှင့် Institut pastuer တို့မှ တာဝန်ရှိသူများမှလည်း ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် လက်ရှိဆောင်လျှက်ရှိသော လုပ်ငန်းများ နှင့် စီမံကိန်းတွင် ပါဝင်ကူညီ ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် မိတ်ဖက်အဖွဲ့အစည်းများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားသို့တက်ရောက်လာသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ဆက်လက်၍ သံအမတ်ကြီးများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် စီမံကိန်းတွင်ပါဝင်သော Bio safety level 2 နှင့် Bio safety level 3 အဆင့်ရှိ ဓာတ်ခွဲခန်းများပါဝင်သည့် အဆောက်အဦအသစ်တည်ဆောက်မည့် အမှတ် (၁၁) မင်းကျောင်းလမ်း မြေနေရာသို့ သွားရောက် ကြည့်ရှုခဲ့ကြပါသည်။ ထို့နောက် ရန်ကုန်မြို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနရှိ ဌာနခွဲများကိုလည်း ကြည့်ရှုလေ့လာခဲ့ကြပါသည်။
စီမံကိန်း၏ ရည်ရွယ်ချက်မှာ ကပ်အသွင်ဖြစ်ပွားတတ်သောရောဂါများ အပါအဝင် ကူးစက်ရောဂါများ၊ အသစ်ဖြစ်ပွားလာသော ကူးစက်ရောဂါများအား ရှာဖွေခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းများတွင် ပိုမိုအားဖြည့်ဆောင်ရွက်လာနိုင်စေခြင်းဖြင့် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါအတည်ပြုသတ်မှတ်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် တုန့်ပြန်ဆောင်ရွက်ခြင်း စသည် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများ ပိုမိုအားကောင်းလာပြီး ပြည်သူ့လူထု၏ ကျန်းမားရေးအဆင့်အတန်း ပိုမိုမြင့်တက်လာမည်ဖြစ်ပါသည်။
စီမံကိန်းသည် ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ (၅) နှစ် စီမံကိန်းဖြစ်ပြီး BSL 2 နှင့် BSL 3 အဆင့်ဓာတ်ခွဲခန်းများ ပါဝင်သည့် အဆောက်အဦအသစ်ဆောက်လုပ်ခြင်း၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်) ပင်မဆောင်အဆောက်အဦအဟောင်း နှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) တို့အား ပြုပြင်မွမ်းမံခြင်း၊ ဓာတ်ခွဲဝန်ထမ်းများ အား သင်တန်းပေးခြင်း တို့ပါဝင်ပါသည်။
အခမ်းအနားသို့ စုစုပေါင်း (၆၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး အခမ်းအနားအား နေ့လည် (၁:၃၀) တွင် ရုတ်သိမ်းခဲ့ပါသည်။